Facebook Ads ကို Visa/Master Card နဲ့ချိတ်ဆက်ပြီး ဘယ်လိုကြော်ငြာမလဲ

Boost, promote (sponsored post) လုပ်နည်းကိုမပြောခင် Visa/master card ရဲ့ ကွားခြားပုံနဲ့ ပြည်တွင်းဘဏ်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ အတွေ့အကြုံတွေကိုအရင်ဆုံး ကျွန်တော်အရင်ဆုံး မျှဝေချင်ပါတယ်။

Visa ကဒ်နဲ့ဖြစ်စေ၊ Master Card နဲ့ဖြစ်စေ ဖေ့စ်ဘွတ်ခ်ရဲ့ကြော်ငြာဝန်ဆောင်မှုကို အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ကွာသွားတာက Visa ကဒ်ဆိုရင် စင်္ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ ယူရိုအစရှိတာတွေကို ပြည်တွင်းမှာ ထည့်သွင်းအသုံးပြုနိုင်တယ်။ Master ကဒ်ကိုတော့ ပြည်တွင်းမှာဆိုရင် အမေရိကန်ဒေါ်လာ တစ်မျိုးတည်းကိုပဲ ထည့်သွင်းအသုံးပြုလို့ရတယ်။ ဒီကွာခြားမှုက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဖေ့စ်ဘွတ်ခ်ကို ငွေချေရာမှာ အမေရိကန်ဒေါ်လာနဲ့ ပဲပေးချေနေတာပါ။

Visa/Master Card ကိုဘယ်ဘဏ်မှာ လုပ်လို့ရနိုင်သလဲ?

ပုဂ္ဂလိက ဘဏ်တော်တော်များမှာ အလွယ်တကူလုပ်လို့ရနိုင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရဆိုရင်တော့ Visa Card လုပ်မယ်ဆိုရင် အနည်းဆုံး ၅ ရက်နေ ၁ ပတ်အထိစောင့်ရပါတယ်။ Master Card ဆိုရင် ဘဏ်မှာ တစ်ခါတည်းစောင့်ရင်း ချက်ချင်းယူသွားလို့ရနိုင်ပါတယ်။ ကျွန်တော်လုပ်ခဲ့ဖူးတဲ့ ဘဏ်သုံးခုဖြစ်တဲ့ CB Bank, KBZ Bank, AYA Bank တို့မှာဆိုရင် ကဒ်လုပ်လုပ်ပြီးချင်း အနိမ့်ဆုံးဒေါ်လာ ၅၀ လောက်ကစသွင်းရပါမယ်။ ကဒ်လုပ်ခ ၉၀ဝ၀ ကျပ်၊ တစ်သောင်းကျပ်ဝန်းကျင်သက်သက်ထပ်ပေးရပါမယ်။ ဒါကတော့ ဘဏ်ပေါ်မူတည်ပါတယ်။

ကဒ်လုပ်လုပ်ပြီးချင်း ထည့်သွင်းရတဲ့ ဒေါ်လာ ၅၀ ထဲကနေ ၃၀ ကိုသာအသုံးပြုလို့ရပါမယ်။ ကျန်ဒေါ်လာ ၂၀ ကိုကဒ်ရဲ့ deposit အဖြစ်ထည့်သွင်းထားရပါမယ်။ အကယ်လို့ ဒေါ်လာ ၃၀ ကိုအသုံးပြုလို့ကုန်သွားမယ်ဆိုရင်တော့ နောက်ပိုင်းငွေသွင်းရင် ကိုယ်လိုသလောက် ထည့်သွင်းလို့ရနိုင်ပါတယ်။

ဘယ်ဘဏ်က အဆင်အပြေဆုံးလဲ?

ဒီနေ့မေးခွန်းအတွက်အဖြေက အများကဖြေဆိုထားတာမဟုတ်ဘူးဆိုတာ ကြိုပြီးမေတ္တာရပ်ခံပါရစေ။ ကျွန်တော်ကိုယ်တိုင် အသုံးပြု တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်အတွေ့အကြုံကိုပဲ မျှဝေပါ့မယ်။ ကျွန်တော် ခုချိန်ထိ သုံးနေတာ CB Bank, AYA Bank, KBZ Bank သုံးခုလုံးသုံးပါတယ်။

CB Bank က ဘယ်လိုဝန်ဆောင်မှုမျိုးပေးသလဲ?

အတိုချုပ်ပဲရှင်းပါ့မယ်။ ကျွန်တော်တို့ သုံးနေတဲ့ ကဒ်ထဲငွေကုန်သွားရင် နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမဆို အလွယ်တကူသွင်းလို့ရပါတယ်။ ဘဏ်ခွဲတိုင်း Card department ရှိတဲ့အချက်ကလည်း CB Bank ရဲ့အဓိကအားသာချက်ပါပဲ။ ဘယ်ဘဏ်ခွဲမဆို ချက်ချင်းငွေသွင်းပေးပြီး အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းအသုံးပြု လို့ရနိုင်ပါတယ်။ မိုဘိုင်းလ် banking ကနေလည်းအလွယ်တကူငွေပေးချေလို့ရပါတယ်။ တစ်ခုပဲရှိတာက ဘဏ်ကိုသွားနေချိန် လိုင်းကျနေတာမျိုးဆိုရင်တော့ စောင့်ဆိုင်းရတာမျိုး အခက်အခဲ အနည်းငယ်တော့ ရှိတတ်ပါတယ်။

AYA Bank ကဘယ်လို ဝန်ဆောင်မှုမျိုးပေးသလဲ?

လက်ရှိအချိန်တော့ မသိပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်အထိ ဘဏ်ခွဲတိုင်း ချက်ချင်းငွေသွင်းလို့ရနိုင်တဲ့ Card Department တော့မရှိသေးပါဘူး။ ဒါပေမယ့် ငွေသွင်းလို့ရတဲ့ စက်တွေကို ဘဏ်ခွဲတိုင်းချပေးထားပါတယ်။ ငွေတစ်ခါသွင်းတိုင်း (သို့မဟုတ်) ငွေစစ်တိုင်း စက်အသုံးပြုခု ၁၅၀ဝ၊ ၂၀ဝ၀ ကျပ် သက်သက်ထပ်ပေးရပါတယ်။ ခုချိန်မှာအဲ့လိုမျိုး မရှိမရှိတော့မသိဘူး။ သူလည်း ငွေသွင်းပြီးပြီဆိုတာနဲ့ CB Bank လိုပဲအိမ်ရောက်တာနဲ့ ချက်ချင်းအသုံးပြုလို့ရနိုင်ပါတယ်။

KBZ Bank ကဘယ်လိုဝန်ဆောင်မှုမျိုးပေးသလဲ?

ဘဏ်ခွဲတိုင်း ငွေသွင်းလို့ရတဲ့ Card Department မရှိသလို စက်လည်းမချထားပေးပါဘူး။ အကယ်၍ ကိုယ်က ကဒ်ထဲကိုငွေသွင်းချင်တယ်ဆိုရင် ငွေလွှဲကောင်တာမှာ အများနည်းတူ စာရွက်ထပ်ရပါတယ်။ ကဒ် dept ရှိတဲ့ ဘဏ်ရဲ့ အကောင့်တစ်ခုကို ငွေလွှဲပေးရတာပါ။ ဒါကိုဟိုဖက်ဘဏ်ကလက်ခံရရှိပြီး ကဒ်ထဲကိုငွေသွင်းပေးမှ အသုံးပြုလို့ရတာပါ။ အဓိပ္ပာယ်ကတော့ ဘဏ်မှာငွေသွင်းပြီးချင်း ချက်ချင်းအသုံးပြုလို့မရပါဘူး။ ညနေ ၆ နာရီနောက်ပိုင်းမှ အသုံးပြုလို့ရပါမယ်။ ကျွန်တော့်တုန်းကတော့ သောကြာနေ့မှာသွင်းတာ ညနေ ၆ နာရီအထိမရတဲ့အပြင် စနေ၊ တနင်္ဂနွေခံခဲ့တဲ့အတွက် ရုံးဖွင့်ရက် တနင်္လာနေ့မှ စတင်အသုံးပြုခွင့်ရခဲ့ပါတယ်။

စာဖတ်သူတွေကို တစ်ခုသတိပေးချင်တာက ခုကျွန်တော်ဖော်ပြထားတဲ့ ဝန်ဆောင်မှုတွေက လူအများပေါ်မူတည်ပြီးပြောတာမဟုတ်သလို ကျွန်တော်နှစ်သက်တဲ့အရာကိုဖော်ပြထားတာမဟုတ်ပါဘူး။ ကျွန်တော် အသုံးပြု ကြုံတွေခဲ့ရတာတွေကို ပြန်လည်ဖော်ပြခြင်းပါ။ မိမိကြိုက်နှစ်သက်တာကို ရွေးချယ်နိုင်ပါတယ်။

ကဲ… စာလည်းရှည်သွားပြီ လိုရင်းကိုအခုစတင်ဖော်ပြပါတော့မယ်။ ကျွန်တော်တို့ကဒ်တွေလုပ်ပြီးသွားပြီဆိုပါစို့။

ပုံမှာပြထားတဲ့အတိုင်းကဒ်ရဲ့ အရှေ့ဖက်ခြမ်းကဒ်နံပါတ်နဲ့ နောက်ဖက်ခြမ်း ပုံမှာဖော်ပြထားတာမြင်တွေ့ရမှာပါ။

 

 

 

 

 

 

 

 

 

 

Step  (1)  ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ် setting ကိုသွားရအောင်။

 

Step (2)  Setting ကို Click ပြီးသွားရင် ခုလိုကျလာမယ်။ payment ကိုထပ် click ပါမယ်။

Step (3)  payment ကို click ပြီးတာနဲ့ ပုံပါအတိုင်းမြင်တွေ့ရပါမယ်။ ကျွန်တော်တို့ ကဒ်နဲ့ချိတ်ဖို့အတွက် Account Setting ကို click ပါမယ်။ ပါမယ်။

 

Step (4) Account Setting ကို click ပြီးတာနဲ့ ကဒ်ကိုထည့်သွင်းပါမယ်။ Add payment ဆိုတဲ့နေရာကို click လိုက်ပါ။


Step (5)  Add payment method ကိုနှိပ်အပြီးမှာတော့ ပုံပါအတိုင်းမြင်တွေ့ရမှာပါ။ ပုံနဲ့တစ်ပါတည်းပြထားတဲ့ကဒ်ရဲ့ ရှေ့ဖက်ခြမ်းကဂဏာန်းရိုက်ထည့်ရပါမယ်။ မြင်တွေ့ရတဲ့ဂဏန်းကို Card number မှာထည့်ပါ။ကဒ်နံပါတ်က တစ်ယောက်နဲ့မတူပါ။ ကျွန်တော့်ကဒ်နံပါတ်ကတော့ 51262400 0037 1120 ဆိုပြီးထည့်မယ်။ Expiration မှာတော့ ကဒ်ရဲ့ သက်တမ်း။ MM 04/YY 20 ဆိုပြီးထည့်ပါမယ်။

 

Step (6)  မှာ ကျွန်တော်ဖြည့်ထားတဲ့အတိုင်းပဲ။ billing zip code ဆိုတာကတော့ ကျွန်တော်တို့က Myanmar ဖြစ်တဲ့အတွက် +95 ထည့်ရုံပါပဲ။ Security Code ဆိုတာကတော့ ကဒ်ရဲ့နောက်ကျောမှာရှိတဲ့ နောက်ဆုံး ဂဏာန်းသုံးလုံးဖြစ်ပါတယ်။

 

အားလုံးပြီးတာနဲ့ Save လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ Visa, Master card က ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ ချိတ်ဆက်ပြီး ဖြစ်ပါတယ်။ မိမိပေ့ခ်ျမှာတင်ထားတဲ့ post တွေကို boost, promote စတင်အသုံးပြုလို့ရနိုင်ပါပြီ။ ဒါပေမယ့် စာဖတ်သူတွေ ဆန္ဒမစောပါသေးနဲ့ဦး။ ခုကျွန်တော်ပြထားတာက ကဒ်ချိတ်ဆက်နည်းသက်သက်ဖြစ်ပြီး ကြော်ငြာစတင်အသုံးပြုလို့ရပြီဆိုပေမယ့် ads manager ရဲ့ policy တွေ အများကြီးကျန်ပါသေးတယ်။ Video tutorial အနေနဲ့ တင်ဆက်ဖို့ရှိပါတယ်။ တက်သစ်စလူငယ်တွေအတွက် Digital Marketing နယ်ပယ်မှာနေရာတစ်ခုရလာအောင် ပြုလုပ်မယ့်အစီအစဉ် ဖြစ်ပါတယ်။ ဆန္ဒစောပြီး စကြော်ငြာမယ်ဆိုလည်းရပါတယ်။ ads policy ကိုနားလည်ထားရင် အကောင်းဆုံးဖြစ်တဲ့အတွက် ပြန်လည်စောင့်ဆိုင်းပေးပါဦး။ စာရှည်လို့ နားပါဦးမယ်။

စာဖတ်သူကိုအစဉ်လေးစားလျက် ….

ခွန်နေ (Digital Parmaukkha)