Social Media Marketer တစ်ယောက်အတွက် အရေးကြီးဥပဒေသများ

(၁) စူးစမ်းခြင်း ဥပဒေသ
Facebook လိုမျိုး Social Media ပေါ်မှာ ကာလအလိုက် ရေပန်းစားတဲ့အကြောင်းအရာအမျိုးမျိုး ရှိတတ်ပါတယ်။ Social Media Marketer တစ်ယောက်အနေနဲ့ကတော့ ဘယ်အချိန်မှာ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုအသိုင်းအဝိုင်း (လူငယ်အသိုင်းအဝိုင်း၊ လူကြီးအသိုင်းအဝိုင်း) မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို မျက်ချည်မပြတ်ပဲကို လေ့လာနေရပါမယ်။ ဒီလို ရေပန်းစားတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ ကိုယ့်ရဲ့ Marketing Campaign ကို တွဲပြီးမှတ်မိသွားအောင် ထိုးဖောက်တတ်ဖို့လည်း လိုပါမယ်။

(၂) အာရုံစူးစိုက်ခြင်း ဥပဒေသ
ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်ကို အပြည့်အဝအာရုံစိုက်တတ်ဖို့ဟာ Social Media Marketer တစ်ယောက်အတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးပါပဲ။ ကိုယ်တာဝန်ယူထားတဲ့ Project ဟာ လူငယ်နဲ့ဆိုင်လား၊ လူကြီးနဲ့ဆိုင်လား၊ ယောကျာ်းနဲ့ဆိုင်လား၊ မိန်းမနဲ့ဆိုင်လား..။ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်တိုင်းရဲ့ အပြောင်းအလဲတွေကို အာရုံစိုက်ရပါမယ်။ Social Media ပတ်ဝန်းကျင်ဟာ အပြောင်းအလဲမြန်တဲ့အတွက် အာရုံစူးစိုက်မှုအားနည်းသွားတာနဲ့ နောက်ကောက်ကျသွားနိုင်ပါတယ်။

(၃) အရည်အသွေးဆိုင်ရာ ဥပဒေသ
Social Media လောကမှာ “တစ်ရာဖိုး သုံးပုဒ်” ဆိုတဲ့ စကားက အင်မတန်တွင်ကျယ်ပါတယ်။ ပြောချင်တာတော့ လူကြိုက်များရင်ပြီးရောဆိုတဲ့ အတွေးနဲ့ အရည်အသွေးနိမ့်တဲ့ Content တွေကို ဖန်တီးရာကစတာပါပဲ။ ဒါပေမယ့် Social Media Marketing လောကမှာ ကိုယ့်အတွက် နေရာတစ်နေရာယူချင်တယ်ဆိုရင်တော့ ဒီလို တစ်ရာဖိုးသုံးပုဒ်တွေနဲ့ ကျေနပ်နေလို့ မရပါဘူး။ Content အရည်အသွေး၊ Design အရည်အသွေး၊ Strategy ပိုင်း အရည်အသွေးတွေကို ဂရုစိုက်ဖို့ လိုပါတယ်။

(၄) စိတ်ရှည်ခြင်း ဥပဒေ
Digital Media Platform တစ်ခုပဲဖြစ်ဖြစ်၊ Business တစ်ခုပဲဖြစ်ဖြစ် ပိုက်ဆံများများသုံးရင် Like များများရနိုင်တယ်ဆိုပေမယ့် ပရိတ်သတ်တွေနဲ့ အောင်မြင်ဖို့ဆိုရင် (မြန်တယ်ဖြစ်စေ၊ နှေးတယ်ဖြစ်စေ) အချိန်အတိုင်းအတာ တစ်ခုအထိတော့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Project အောင်မြင်အောင်ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ အရည်အသွေးပိုင်းတွေ တည်ဆောက်ရပါမယ်၊ ကိုယ့်ရဲ့ Target Customer တွေအကြောင်းကို လေ့လာရပါမယ်။

(၅) ဆန်းသစ်တီထွင်ခြင်း ဥပဒေသ
Social Media Marketing လောကမှာ ဆန်းသစ်တီထွင်နိုင်မှုဟာ အရေးကြီးပါတယ်။ Business တွေအနေနဲ့ကြည့်ရင်လည်း စားသောက်ဆိုင်တွေ၊ အလှအပပစ္စည်းတွေ၊ ခရီးသွားလုပ်ငန်းတွေ စတဲ့ ဆင်တူလုပ်ငန်းတွေ အရမ်းပေါပါတယ်။ ဒီကြားထဲမှာမှ ကိုယ့်ရဲ့ Brand ကို ပေါက်အောင်လုပ်ဖို့ဆိုရင် ငွေသုံးရုံနဲ့မရပါဘူး။ ဆန်းသစ်တီထွင်နိုင်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ Content ကို အဓိကထားတဲ့ Digtial Media တွေ ပေါများလာတဲ့ခေတ်မှာတော့ Content ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုရဲ့ အခန်းကဏ္ဍဟာ ပိုပြီး တွင်ကျယ်လာပါတယ်။

(၆) ပြောင်းလဲခြင်း ဥပဒေသ
ဖြစ်ပြီးရင် ပျက်မယ်ဆိုတဲ့သဘောတရားကို Social Media Marketing လောကမှာ ခပ်စိပ်စိပ်နဲ့တွင်တွင်ကျယ်ကျယ်ကို တွေ့ရပါမယ်။ ရေစီးကြောင်း (trend) တွေရဲ့ ပြောင်းလဲမှုကလည်း အင်မတန်ကို လျင်မြန်ပါတယ်။ ဒါကြောင့် ပြောင်းလဲမှုမှာ လိုက်ပါစီးမြောနိုင်ဖို့က အင်မတန်မှ လိုအပ်ပါတယ်။ အပြောင်းအလဲပေါ်မူတည်ပြီး ဖန်တီးမှုတွေ၊ အောင်မြင်မှုတွေလုပ်နိုင်ဖို့က Social Media Marketer တစ်ယောက်အဖို့ အရမ်းကို အရေးပါပါတယ်။

(၇) ပူးပေါင်းဆောင်ရွက်ခြင်း ဥပဒေသ
Social Media Marketing ဆိုတာ တစ်ယောက်တည်း Computer ရှေ့မှာ ငုတ်တုတ်ထိုင်လုပ်ရုံနဲ့ လုံလောက်ပြီထင်ရင်တော့ အကြီးအကျယ်မှားသွားပါမယ်။ ဒီလောကမှာလည်း ပူးပေါင်းဆောင်ရွက်တတ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အသိဗဟုသုတတွေကို အပြန်အလှန် ဝေမျှတတ်ဖို့လိုသလို Marketing ဆိုင်ရာ လုပ်ငန်းတွေကိုလည်း ပူးပေါင်းလုပ်ဆောင်တတ်ဖို့တွေ လိုပါတယ်။

(၈) အရည်အသွေးမြှင့်တင်ခြင်း ဥပဒေသ
ဒီအချက်ကတော့ ဘယ်နယ်ပယ်မှာမဆို အောင်မြင်ချင်တဲ့သူတစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့အရာပါ။ Social Media Marketing လောကမှာ အခြေခံအားဖြင့် လုပ်ထုံးလုပ်နည်းတွေက ကွဲပြားမှု ကြီးကြီးမားမား မရှိပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ Social Media Marketer တစ်ယောက်နဲ့ သာမန် Social Media Marketer တစ်ယောက်တို့ကြား ကွာဟမှုကတော့ ဘယ်လောက် ပိုမိုအားထုတ်လဲ၊ ကိုယ့်ရဲ့ အရည်အသွေးတွေကို ဘယ်လောက်ထိ ပိုမိုမြှင့်တင်လဲဆိုတာပါပဲ

(၉) နာမည်တည်ဆောက်ခြင်း ဥပဒေသ
ကိုယ်ဟာ Social Media Marketing လောကမှာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတဲ့ ကိုယ့်ရဲ့ Branding ကို တည်ဆောက်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့ Brand Image ဟာ မြင့်လာတာနဲ့အမျှ ကိုယ်တာဝန်ယူရတဲ့ Project အမျိုးအစားတွေကလည်း ကွာခြားလာမှာဖြစ်ပါတယ်။

ရွှေညာမောင် (Digital Parmaukkha)