Digital Marketing မှာ ဘာတွေအားသာလဲ? ဘာတွေအားနည်းလဲ?

ဒီဘက်ခေတ် အနေအထားမှာတော့ Digital Marketing ရဲ့ အခန်းကဏ္ဍဟာ အတော်ကို အရေးပါလာပြီး လုပ်ငန်းတိုင်းဟာ ဒီနယ်ပယ်ကို အာရုံစိုက်လာကြပါပြီ။ Industry ထဲမှာလည်း Professional Digital Marketer တွေ တစ်စထက်တစ်စ ပေါ်ပေါက်လာပြီး လူငယ်တွေအနေနဲ့လည်း ဒီလမ်းကြောင်းကို လျှောက်ဖို့ စိတ်ပါဝင်စားလာကြပါပြီ။ ဒီနှုန်းအတိုင်းဆိုရင် Digital Marketing ဟာ လူငယ်တွေရဲ့ အသက်မွေးဝမ်းကြောင်းအနေနဲ့သာမကဘဲ လုပ်ငန်းတွေအတွက်ပါ ရေရှည်မှာ မြှုပ်နှံ့သင့်တဲ့ အကျိုးဖြစ်ထွန်းစေမယ့် နယ်ပယ်ဖြစ်လာဖို့ ရှိပါတယ်။ ဒါဖြင့် Digital Marketing ဟာ ဘယ်လို အားသာချက်တွေရှိလို့ Traditional Marketing ကို တုပယှဉ်ပြိုင် လာနိုင်တာလဲ? ဘယ်လို အားနည်းချက်တွေရှိလို့ Traditional Marketing ကို ပစ်ပယ်လို့မရသေးတာလဲ?
နည်းနည်းလောက် ကြည့်ကြရအောင်!


YOU MAY ALSO LIKE : “Social Media ပေါ်မှာ Personal Branding တစ်ခုတည်ဆောက်မယ်” ဆောင်းပါးကို ဖတ်ရှုရန်နှိပ်ပါ


ဘာတွေအားသာလဲ

(၁) ကုန်ကျစရိတ်သက်သာတယ်
သေချာတာပေါ့။ ဒါဟာ အခြေခံအကျဆုံးနဲ့ လုပ်ငန်းတွေအတွက် မျက်စိကျဖို့ဖြစ်လာတဲ့ အခြေခံအကြောင်းရင်းပဲ။ Digital Marketing ဟာ တခြားသော Marketing Channel တွေနဲ့ နှိုင်းစာမယ်ဆိုရင် သိပ်ကို ကုန်ကျစရိတ်သက်သာတယ်။ နောက်ပြီး ကုန်သလောက်လည်း ထိရောက်တယ်။

(၂) လူအများကြီးဆီ ပို့နိုင်တယ်
တစ်နေရာထဲမှာ ထိုင်ရာကမထဘဲ လူတွေသန်းနဲ့ချီဆီကို ကိုယ့်ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ပို့နိုင်မယ့်လမ်းကြောင်းဟာ Digital Marketing အပြင် တခြားလမ်းကြောင်းတွေ မယ်မယ်ရရမရှိသေးပါဘူး။ ဘယ်နေရာဒေသမှာ နေထိုင်မယ့် လူဦးရေ ဘယ်နှစ်ရောက်ဆီပို့မလဲ? သိပ်ခေါင်းစားမနေဘဲ ပို့လို့ရတယ်။

(၃) အချိန်ကုန်သက်သာတယ်
ပြောနေစရာကိုမလိုတဲ့ အခြေခံအကြောင်းရင်းတစ်ချက်ပါ။ Digital Marketing မှာလည်း လိုအပ်သလောက်တော့ အချိန်ပေးရပါတယ်။ ဥပမာ – Market Research လုပ်တာတွေ၊ Digital Trending ကို စောင့်ကြည့်လေ့လာတာတွေ.. စသဖြင့်ပေါ့။ ဒါပေမယ့် Marketing Channel အနေနဲ့ဆိုရင်တော့ အချိန်ကုန်သက်သာတဲ့ထဲမှာ ပါဝင်ပါတယ်။

(၄) တိုင်းတာရလွယ်ကူတယ်
ကိုယ့်ရဲ့ ကြော်ငြာ Campaign ဟာ ဘယ်လောက်ထိရောက်လဲဆိုတာ အလွယ်တကူ တိုင်းတာလို့ရတယ်။ လူအင်အားမလို၊ ကုန်ကျစရိတ်မလိုဘဲ အလွယ်တကူ တိုင်းတာလို့ရတယ်ဆိုတာကတော့ လုပ်ငန်းရှင်တွေ အကြိုက်တွေ့တဲ့ Digital Marketing ရဲ့ အားသာချက်ပါပဲ။

(၅) ထိရောက်တဲ့ Campaign တွေ ဖန်တီးလို့ရတယ်
Traditional Marketing မှာဆိုရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ကိုက်ညီတဲ့ Customer တွေဆီ သွားဖို့ဆိုရင် ဘယ်လိုသွားကြမလဲ၊ ဘယ်လို Campaign တွေ လုပ်ကြမလဲဆိုတာ ခေါင်းစားရပါတယ်။ ငွေကုန်ကြေးကျခံပြီး Research တွေလည်း လုပ်ရပါတယ်။ Campaign ပေါ်မူတည်ပြီးတော့လည်း ထပ်ဆောင်း ကုန်ကျစရိတ်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် Digital Marketing မှာတော့ ကိုယ့်ကုန်ပစ္စည်းကို သိစေချင်တဲ့ အသက်အရွယ်၊ နေရာဒေသ၊ စိတ်ဝင်စားမှု စတာတွေကို အလွယ်တကူ သတ်မှတ်ပေးပြီး Digital Campaign အမျိုးမျိုးကို Run လို့ရပါတယ်။

(၆) Feedback တွေ အလွယ်တကူရနိုင်တယ်
ကိုယ့်ရဲ့ Customer Feedback တွေကို ရဖို့ဆိုရင် အပြင်မှာဆိုရင် မလွယ်ကူပါဘူး။ ဒါပေမယ့် Digital Marketing အနေနဲ့ဆိုရင်တော့ သူတို့ ကိုယ့်အပေါ်မြင်တဲ့ အမြင်တွေ၊ အကြိုက်တွေ၊ မကြိုက်တာတွေကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါဟာ လုပ်ငန်းရှင်တွေအတွက်တော့ အရမ်းကို တန်ဖိုးထားသင့်တဲ့ အားသာချက်တစ်ခုပါ။

(၇) SME တွေအတွက် အဆင်ပြေတယ်
ကိုယ့်လုပ်ငန်းဟာ Marketing အတွက် ငွေကုန်ကြေးရအများကြီး သုံလို့မရဘူးဆိုရင် Digital Marketing ကို ပင်တိုင်ထားပြီး Market ကို ဖောက်လို့ရပါတယ်။ ဒါဟာ SME သမားတွေအတွက် တစ်ချိန်တုန်းက မရခဲ့တဲ့ အခွင့်အရေးတစ်ခုပါ။ ကိုယ့်မှာသာ Digital Marketing နဲ့ ပတ်သက်ပြီး Skillful ဖြစ်မယ်ဆိုရင် လုပ်ငန်းကြီးတွေထက် မသာရင်တောင် မလျော့တဲ့ Activites တွေကို လုပ်ဆောင်လို့ရပါတယ်။

(၈) Content အားသာချက်တွေ
Content Marketing ဟာ Digital Marketing နယ်ပယ်မှာ ပိုပြီးတော့ အစွမ်းထက်တဲ့ Tool တစ်ခု ဖြစ်လာပါပြီ။ လူတွေရဲ့ စိတ်ပါဝင်စားမှုကို Content အမျိုးအစား အမျိုးမျိုးနဲ့ ဖမ်းစားနိုင်လာပါပြီ။


YOU MAY ALSO LIKE : “Content Marketing ရဲ့အခြေခံသဘောတရားများ” ဆောင်းပါးကိုဖတ်ရှုရန်နှိပ်ပါ


ဘာတွေအားနည်းလဲ

(၁) အပြောင်းအလဲ မြန်ဆန်တယ်
Digital Trending ဟာ အပြောင်းအလဲ အရမ်းမြန်ပါတယ်။ လပိုင်း၊ ရက်ပိုင်းအတွင်းမှာကို လိုက်မမှီနိုင်လောက်အောင် မြန်ဆန်တဲ့အတွက် ကိုယ်ဟာ Trending ကို ပိုင်မှ ဖြစ်ပါမယ်။ တစ်ချို့ Marketer တွေအတွက် ဒါဟာ အားသာချက်တစ်ခုဖြစ်နိုင်ပေမယ့် တစ်ချို့အတွက်တော့ အားနည်းချက် ဖြစ်သွားနိုင်ပါတယ်။

(၂) နာမည်ထိခိုက်လွယ်တယ်
အရေးကြီးပါတယ်။ လုပ်ငန်းတွေအနေနဲ့ ဂရုစိုက်သင့်ပါတယ်။ Online ကို အသုံးပြုပြီး Market ဖောက်တဲ့အခါ နာမည်တက် မြန်သလို နာမည် ထိခိုက်တဲ့နှုန်းကလည်း မြန်ပါတယ်။ ဒါကြောင့် အမှားအယွင်းနည်းနည်းနဲ့ အစစအရာရာကို ဂရုပြုနေသင့်ပါတယ်။

(၃) ပြည်တွင်းအနေအထား
လူတော်တော်များများဟာ Social Media ကို အသုံးပြုလာကြပြီ၊ Digital နဲ့ ရင်းနှီးလာကြပြီဆိုပေမယ့် တစ်ချို့ Market တွေအတွက်တော့ Digital Marketing ဟာ သိပ် အားကိုးလို့မရသေးပါဘူး။ နေရာဒေသ၊ ဗဟုသုတနဲ့ နည်းပညာတွေပေါ်မူတည်ပြီး အခက်အခဲတစ်ချို့ကတော့ ရှိနေတုန်းပါပဲ။

(၄) ယုံကြည်မှုအားနည်းတယ်
Digital Channel ကနေတစ်ဆင့် ကိုယ့်ရဲ့ Brand ကို အလွယ်တကူ ဖြန့်ကျက်လို့ရတာ အားသာချက်ဆိုပေမယ့် အဲဒီ့ Brand အပေါ် ယုံကြည်မှုအပြည့်အဝ မရတတ်တာတော့ အားနည်းချက်လို ဖြစ်နေပါတယ်။ ဒါကလည်း ဈေးကွက်ထဲမှာ အတုအယောင်တွေ၊ အရည်အသွေးမပြည့်မှီတာတွေပါ အလွယ်တကူ နေရာယူနိုင်တာကြောင့် ဖြစ်ပါတယ်။

(၅) တုပလို့လွယ်တယ်
ဒါကတော့ လုပ်ငန်းတွေအတွက် စိတ်ပျက်စရာ အားနည်းချက်ပါ။ ကိုယ့်ရဲ့ Marketing Campaign တစ်ခု အောင်မြင်တယ်၊ ထိရောက်တယ်ဆိုရင် ပြိုင်ဘက်တွေအတွက် လိုက်တုပဖို့ သိပ်မခက်ခဲပါဘူး။ ဒီတော့ Digital Marketing နယ်ပယ်မှာဆိုရင် ဆန်းသစ်အောင် အမြဲကြိုးစားနေရပြီး ပုံစံတွေကိုလည်း လိုက်မတုနိုင်အောင် ခဏခဏ ပြောင်းလဲနေဖို့ လိုပါတယ်။

ဒီလောက်ဆို Digital Marketing ကို စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ သူ့ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို အခြေခံအားဖြင့် သိသွားလောက်မယ်လို့ ယူဆပါတယ်။

လေးစားမှုများစွာဖြင့် …

ရွှေညာမောင် (Digital Parmaukkha)