Social Media ပေါ်မှာ Personal Branding တစ်ခု တည်ဆောက်မယ်

Personal Branding ဆိုတာ ဘာလဲ?
Personal Branding ဆိုတာ အလွယ်ကူဆုံးပြောရရင်တော့ လူတွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုဘယ်လိုလူစားမျိုးလဲ ဆိုပြီး သတ်မှတ်ထားတဲ့အရာပါပဲ။ တစ်နည်းအားဖြင့်တော့ အခန်းထဲမှာ ကိုယ်မရှိတဲ့အချိန် ကျန်တဲ့သူတွေက ကိုယ်နဲ့ပတ်သက်ပြီး ပြောနေမယ့်အကြောင်းအရာဟာ ကိုယ့်ရဲ့ Branding ပါပဲ။

Personal Branding ဟာ အရေးကြီးလား?
Personal Branding ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ (စီးပွားရေးလောကနဲ့ လူအများနဲ့ထိတွေ့ရတဲ့လောကမျိုးတွေမှာဆိုရင်တော့ ပထမမျက်နှာလို့တောင် ပြောလို့ရပါတယ်) ကိုယ့်ရဲ့Career Development တွေ၊ အောင်မြင်မှုတွေကလည်း Personal Branding နဲ့ တိုက်ရိုက်ကို ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။

Personal Branding ကို ဘယ်လိုတည်ဆောက်မလဲ?
Personal Branding ဟာ လူတွေစိတ်ထဲမှာရှိနေမယ့် ကိုယ့်အကြောင်း၊ လူတွေ ပြောပြောနေမယ့် ကိုယ့်အကြောင်း ဖြစ်တဲ့အတွက် နေရာတိုင်း၊ အချိန်တိုင်းမှာ တည်ဆောက်နေလို့ရပါတယ်။ တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ၊ Meeting တွေမှာ၊ Dinner တွေမှာ။ နောက်ဆုံး ကုန်ကုန်ပြောရရင် နေ့စဉ်သုံးဖြစ်နေတဲ့ Facebook, LinkedIn လို Social Media တွေမှာပါ Personal Branding ကို တည်ဆောက်လို့ရပါတယ်။

Social Media ပေါ်က Personal Branding
ကိုယ့်ရဲ့ Personal Branding ကို အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်မယ့် Social Media Platform ကတော့ Linked In ပါပဲ။ အထူးသဖြင့် လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ကိုယ့်ရဲ့ Profile ကို Highlight လုပ်ပေးနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် Linked In ကိုတော့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ အသိုင်းအဝိုင်းတွေကပဲ အသုံးပြုလေ့ရှိတတ်ပါတယ်။ ဒီကြားထဲမှာ လူတိုင်းအလိုလို သုံးတတ်တဲ့ Social Media Platform ကတော့ Facebook ပါ။ အားလုံးနီးပါးဟာ Facebook ကို နေ့တိုင်းအလိုလို အသုံးပြုနေတဲ့အတွက် ကိုယ့်ရဲ့ Personal Branding ကိုမြှင့်တင်ရာမှာ သိပ်ကိုအသုံးဝင်ပါတယ်။ အခုနောက်ပိုင်းမှာလည်း အလုပ်ရှင်တွေက လူတစ်ယောက်ကို အလုပ်ခန့်ကာနီးမှာ ဝန်ထမ်းရဲ့ Facebook တွေ၊ Linked In တွေကို သေချာလေ့လာတတ်ပါတယ်။ ပြီးတော့ ဘယ်လိုလူလဲဆိုတဲ့ Personal Branding ကို အကဲခတ်တတ်ပါတယ်။ ဒါကြောင့် Social Media ကို အပျော်တမ်းသုံးရုံအဆင့်ကနေ Professional ကျကျ အသုံးပြုတတ်ဖို့ကလည်း သိပ်ကို အရေးကြီးလာပါပြီ။

ဘာတွေလုပ်သင့်လဲ?

(၁) အားသာချက်တွေ ဖော်ပြခြင်း
ကိုယ့်ရဲ့ အားသာချက်တွေကို Social Media ကနေတစ်ဆင့် လူတွေသိအောင် လုပ်လို့ရပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ ကိုယ်ဟာ ပုံဆွဲသိပ်ကောင်းတဲ့သူလား၊ သီချင်းဆိုသိပ်ကောင်းတဲ့သူလား။ ကိုယ့်ရဲ့ ဒီ skill တွေကို လူတွေကြားထဲ ပျံ့နှံ့အောင်လုပ်လို့ရပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်ဝါသနာနဲ့ သက်ဆိုင်တဲ့အရာတွေကို ပြန်လည် မျှဝေလို့ရပါတယ်။ ဥပမာ ခရီးသွားတာမျိုးတွေ၊ ဓါတ်ပုံရိုက်တာမျိုးတွေပေါ့။ သူများထက် အနည်းနဲ့အများ ထူးခြားနေတဲ့အရည်အသွေးတွေကိုလည်း အားသာချက်အနေနဲ့ ဖော်ပြလို့ရပါသေးတယ်။

(၂) ကိုယ်ရည်ကိုယ်သွေးဆိုင်ရာများ
ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတဲ့ Image တစ်ခုကို တည်ဆောက်လို့ရနိုင်ပါတယ်။ ကိုယ့်ရဲ့အတွေးအခေါ်တွေ၊ လုပ်ပုံကိုင်ပုံတွေ၊ ဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပတ်ဝန်းကျင်က သိအောင်၊ အသိအမှတ်ပြုအောင် ကြိုးစားယူလို့ရပါတယ်။

(၃) အလုပ်နဲ့သက်ဆိုင်တဲ့အရာများ
အကြံပေးချင်တာကတော့ ကိုယ်နဲ့တိုက်ရိုက် သက်ဆိုင်တဲ့အရာတွေကို မျှဝေသင့်ပါတယ်။ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေကို မျှဝေခြင်းအားဖြင့် ဒီနယ်ပယ်မှာ ကိုယ့်ရဲ့ Personal Brand ဟာ ခိုင်မာလာနိုင်ပါတယ်။ (တစ်ခုသတိပြုရမှာက အလုပ်နဲ့ပတ်သက်တဲ့ စိတ်အလိုမကျမှုတွေကို Social Media ပေါ်မှာ လုံးဝကို မမျှဝေသင့်ပါဘူး)

(၄) နေ့စဉ်ဘဝထဲက ကိုယ့်အကြောင်း
ကိုယ့်ရဲ့ Privacy ကို အကန့်အသတ်အနေနဲ့ အတိုင်းအတာတစ်ခုထိထားပြီး ကိုယ့်ရဲ့နေ့စဉ်ဘဝကို မျှဝေတာလည်း Brand Strategy တစ်မျိုးပါ။ ဘယ်သွားတယ်၊ ဘာလုပ်တယ် ဆိုတာကို အတိုင်းအတာနဲ့ Public ကို ချပြခြင်းဟာ လူတွေရဲ့စိတ်မှာ ကိုယ့်ကို တစ်နည်းတစ်ဖုံနဲ့ ရင်းနှီးနေစေပါတယ်။ (ကိုယ့်ရဲ့ Privacy ကို ကျော်လွန်မျှဝေတာနဲ့ အတိုင်းအဆမဲ့ မျှဝေတာမျိုးကတော့ မလုပ်သင့်ပါဘူး) မျှဝေသင့်တဲ့ Activity မျိုးတွေကတော့ ပရဟိတနဲ့ဆိုင်တာမျိုးတွေ၊ အများပြည်သူ အရေးအရာနဲ့ဆိုင်တဲ့ အရာမျိုးတွေ၊ ကိုယ် ဘာလုပ်နေတယ်ဆိုတာကို လူတွေသိစေချင်တဲ့အရာမျိုးတွေပဲ ဖြစ်ပါတယ်။

(၅) Profile ကောင်းကောင်းတည်ဆောက်ခြင်း
ကိုယ်ဟာ ဘာအလုပ်တွေ လုပ်ခဲ့တယ်။ ဘယ်ကျောင်းတွေ တက်ခဲ့တယ်။ ဘယ်လို အလုပ်တွေ လုပ်နေတယ်ဆိုတဲ့အကြောင်းကို လူတွေသိဖို့လိုပါတယ်။ ဒီ့အတွက် ကိုယ်အသုံးပြုနေတဲ့ Social Media မှာ Profile ကောင်းကောင်းတစ်ခု ထားဖို့ လိုကိုလိုအပ်ပါတယ်။

ဘာတွေရှောင်သင့်လဲ?

(၁) ခံစားချက် Status တွေ
Diary ထဲမှာ ရှိသင့်တဲ့ ခံစားချက်စာတွေက Diray ထဲမှာပဲ ရှိရမှာပါ။ လူပုံအလယ်မှာ မိုက်တစ်လုံးနဲ့ အော်ပြော တဲ့ပုံစံမျိုး မဖြစ်သင့်ပါဘူး။ အမုန်းတရားနဲ့ ဆက်စပ်တဲ့ Status တွေ၊ ခံစားချက်အလွန်အကြူဖော်ပြတဲ့ Status တွေဟာ ကိုယ့်ရဲ့ Brand Image ကို အင်မတန် ထိခိုက်စေပါတယ်။

(၂) အနုတ်သဘောဆောင် မျှဝေခြင်းတွေ
အရာရာကို မကောင်းမြင်တဲ့ ရှုထောင့်ကနေ တွေးနေ၊ ရေးနေ၊ မျှဝေနေမယ်ဆိုရင် ကိုယ်ဟာ မကောင်းတဲ့အမြင်ရှိတဲ့သူအဖြစ် ကိုယ့် brand ကို တည်ဆောက်လိုက်သလို ဖြစ်နေပါလိမ့်မယ်။ ကိုယ်ဟာ သတိမထားမိဘဲ ဒီလိုအရာတွေကို လုပ်နေမိမယ်ဆိုရင်တော့ ပြင်ဆင်သင့်ပါတယ်။ ခေတ်ကာလကြီးကလည်း မကောင်းတဲ့အငွေ့အသက်တွေများနေတဲ့အတွက် ကိုယ့်မှာလည်း မကောင်းတဲ့ရှုထောင့်ကနေ ရှုမြင်သုံးသပ်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၃) Personal Attack
ကိုယ့်ရဲ့ Personal Brand အတွက် မလုပ်သင့်တဲ့နောက်တစ်ချက်ကတော့ PA လို့ခေါ်တဲ့ Personal Attack ပါ။ ကိုယ့်မှာ လူတစ်ယောက်အပေါ် မကြိုက်ခွင့်ရှိပါတယ်။ အမြင်မတူခွင့်ရှိပါတယ်။ နောက်ဆုံး မုန်းတီးခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် ဒီလို ခံစားချက်တွေကို အရင်းတည်ပြီး လူပုံအလည်မှာ Personal Attack လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ Image ကို အကြီးအကျယ်ကို ထိခိုက်စေနိုင်ပါတယ်။

 

ရွှေညာမောင် (Digital Parmaukkha)