Digital Marketer တစ်ယောက်အနေနဲ့ မွေးမြူသင့်တဲ့ အလေ့အကျင့် (၇) ခု

Digital Markter တွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ အားသာချက်တွေ၊ မတူတဲ့ Style တွေနဲ့ မတူတဲ့ အလုပ်လုပ်ပုံတွေ ရှိပါတယ်။ ဒီ စာလေးကတော့ Digital Marketing ကို စတင်လေ့လာနေတဲ့သူတွေ၊ Semi Professional တွေအတွက် ကိုယ့်ကိုယ်ကို လေ့ကျင့်မွေးမြူနိုင်တဲ့ အလေ့အကျင့်လေးတွေကို စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။

(၁) အစီအစဉ်နဲ့ အလုပ်လုပ်ခြင်း
ကိုယ်လုပ်မယ့် အလုပ်တွေတိုင်းကို အစီအစဉ်တကျ (စနစ်တကျ) လုပ်တတ်တဲ့အကျင့် မွေးမြူဖို့ လိုပါတယ်။ ဒါမှလည်းပဲ Project တွေ များလာတဲ့အခါမှာ ကိုယ့်ရဲ့ Workload တွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

(၂) စူးစမ်းလေ့လာခြင်း
အခြေခံကျပါတယ်။ ဈေးကွက်ထဲက အပြောင်းအလဲတွေ၊ လူတွေရဲ့ အပြောင်းအလဲတွေ အားလုံးကို အမြဲမပြတ်လေ့လာနေရပါမယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေရဲ့ Campaign တွေကိုလည်း စောင့်ကြည့်နေဖို့ လိုပါတယ်။ ဒါမှ ပိုကောင်းမွန်ဆန်းသစ်တဲ့အရာတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၃) Tools တွေ အသုံးပြုခြင်း
ကိုယ့်ရဲ့ အလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးနိုင်မယ့် Tool တွေအကြောင်း သိထားသင့်ပါတယ်။ Tool တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုတတ်တဲ့သူနဲ့ ဒီတိုင်း ယေဘုယျကျကျ အလုပ်လုပ်တဲ့သူတွေကြားမှာ Project များလာတာနဲ့အမျှ ကွာခြားမှုတွေ ရှိလာနိုင်ပါတယ်။ ဥပမာအားဖြင့် Basecamp, Asana စတာတွေက Project Management နဲ့ပတ်သက်ပြီး ကိုယ့်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

 (၄) ဝမ်းစာဖြည့်ခြင်း
ဘယ်တော့မှ မဆုံးမယ့် သင်ယူခြင်းတွေထဲမှာ Digital Marketing လည်း ပါဝင်ပါတယ်။ Theory အရ သင်ယူနေရမှာဖြစ်သလို၊ လက်တွေ့တွေကနေလည်း လေ့လာနေရပါမယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ပြိုင်ဘက်တွေ၊ မိတ်ဆွေတွေဆီကလည်း အခါအားလျော်စွာ လေ့လာတတ်ဖို့လည်း လိုပါတယ်။

(၅) Self Motivation
Digital Marketing နဲ့ ပတ်သက်ပြီး တစ်ခါတစ်ရံ စိတ်ဓါတ်ကျကောင်း ကျနိုင်ပါတယ်။ Industry ဟာ အခုမှ ရေပန်းစားလာတာဖြစ်တဲ့အတွက် နေရာလပ်နည်းပါသေးတယ်။ ရှိတဲ့နေရာတွေကိုလည်း Senior Digital Marketer တွေက နေရာယူထားတာကြောင့် အခုမှ လမ်းကြောင်းထဲဝင်မယ့်သူတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဒီ Industry ဟာ ကိုယ့်ရဲ့အချိန်တွေ၊ ကြိုးစားမှုတွေကို မြှုပ်နှံဖို့ အလားအလာသိပ်ကောင်းပါတယ်။

(၆) ကူညီခြင်းနဲ့ အကူအညီတောင်းခံခြင်း
Digital ဟာ အပြင်ပန်းကကြည့်ရင် ကျဉ်းမြောင်းတယ် ထင်ရပေမယ့် သူ့မှာလည်း နယ်ပယ်စုံပါတယ်။ တခြားသော နည်းပညာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကိုယ့်မှာ အားသာချက်ရှိတဲ့အရာတွေအတွက် ဝေမျှတတ်ဖို့လိုသလို အားနည်းတဲ့အရာတွေအပေါ်မှာလည်း အကူအညီတောင်းတတ်ဖို့ လိုပါတယ်။

(၇) အနားယူခြင်း
Digital Marketer တွေ လုပ်တတ်တဲ့အရာတစ်ခုကတော့ ကိုယ်ဟာ Digital သမားတစ်ယောက်ဖြစ်တယ်ဆိုပြီး ကိုယ့်ရဲ့ စိတ်ကူးတွေ၊ အချိန်တွေ၊ အတွေးတွေအားလုံးကို Digital နဲ့ ဆက်စပ်တဲ့အပေါ်မှာလည်း မြှပ်နှံလိုက်ကြတာပါပဲ။ တကယ်တော့ Digital Marketer တစ်ယောက်အနေနဲ့လည်း ပြင်ပမှာ ဖြစ်နေတဲ့အရာတွေအပေါ်မှာ လေ့လာရပါမယ်။ နည်းပညာနဲ့ Digital နဲ့ ဆက်စပ်သမျှတွေအပေါ်မှာ ခဏတဖြုတ်လောက်ဖြစ်ဖြစ်တော့ အနားယူဖို့ လိုပါမယ်။

 

လေးစားမှုများဖြင့်..
ရွှေညာမောင် (Digital Parmaukkha)

Ref: 7 Habit of Highly Effective Digital Marketer